Tuesday, October 22, 2013

ရုပ်သံလိင်းများတိုးချဲ့ထုတ်လွှင့်လာမှာကိုဝမ်းမြောက်စွာကြိုဆိုပါတယ်ဗျဒီတစ်ပါတ် စိတ်တိုင်းအကျဆုံး သတင်းဆောင်းပါး အဖြစ်ပြန်လည် Share ပေးလိုက်ပါတယ်

တိုင်းရင်းသားတွေအတွက်၊ လယ်သမားတွေအတွက်၊ ပြည်သူတွေအတွက် ဆိုပြီး ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ဘီလျံနဲ့ချီ အကုန်အကျခံပြီး ပြန်ကြားရေးက ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဘယ်တီဗွီ၊ ဘယ် ဖမ်းစက်နဲ့မှ ဖမ်းလို့မရတဲ့ ဒီဂျစ် စနစ်ပြောင်း ရုပ်သံလိုင်းသစ် ထုတ်လွှင့်မှုဟာ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိမရှိ အစိုးရအဖွဲ့ကရော၊ လွှတ်တော်ကပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်ပါကြောင်း

“ ရုပ်သံလိုင်းသစ်တွေ တိုးချဲ့ထုတ်လွှင့်မှု ပြည်သူနဲ့ တိုင်းပြည် အကျိုးရှိပါရဲ့လား ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ၊ ၂၁-၁၀-၁၃။ စာ- ၁၈။
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကစ ရုပ်သံလိုင်းသစ် (၄) လိုင်း တိုးချဲ့ထုတ်လွှင့်ပါတယ်။ အဲဒီလိုင်းတွေ ထုတ်လွှင့်တဲ့အခါ လက်ရှိ ထုတ်လွှင့်နေတဲ့ အနာလော့ဂ် စနစ်ကနေ ဒီဂျစ်တယ် စနစ် ပြောင်းပြီး ထုတ်လွှင့်မယ်လို့ ကြိုတင် ကြေငြာထားသလို ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။ တကယ့်တကယ် စ ပြီး ထုတ်လွှင့်တယ်လည်း ဆိုရော ထူးဆန်းအံ့သြစရာ တွေ့ကြုံရပါတယ်။ အဲဒါကတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရုပ်သံဖမ်းစက် စုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းကနေ ဖမ်းယူကြည့်ရှုနိုင်ခြင်း မရှိပါဘူး။ တိုင်းရင်းသားတွေအတွက်၊ ပြည်သူတွေအတွက်၊ လယ်သမားတွေအတွက် ထုတ်လွှင့်တယ် ဆိုတဲ့ အဲဒီ ရုပ်သံလိုင်းတွေအပါအ၀င် မြန်မာ့ရုပ်သံက ဒီဂျစ်တယ်စနစ်နဲ့ ပြောင်းထားတဲ့ ရုပ်သံလိုင်းတွေကို ပြည်သူ အများစု မကြည့်နိုင်ဘူးဆိုတော့ ဘာကြောင့် ဖမ်းယူ မကြည့်ရှုနိုင်တာလဲ၊ ဒီလောက် ငွေကုန်ကြေးကျခံ ထုတ်လွှင့်နေတဲ့၊ နောင်လည်း ဒီဂျစ်တယ် ပြောင်းတဲ့ စီမံကိန်းမှာ တစ်ဆင့်ပြီး တစ်ဆင့် ပြည်သူ့ဘဏ္ဍာငွေတွေ ထပ်ပြီး ကုန်ကျဦးမယ့် ဒီ အစီအစဉ်တွေ အကျိုးသက်ရောက်မှု ရှိမှာလား၊ ခုလို ရုပ်သံလိုင်း တိုးချဲ့ထုတ်လွှင့်၊ ဒီဂျစ်တယ် စနစ်ပြောင်းတဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွား ပြသနာတွေ ပါနိုင်မလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ ပြန်ကြားရေး က ရုပ်သံလိုင်းသစ်တွေကို ထုတ်လွှင့်တဲ့ စနစ်ဟာ Digital Video BroadcastingTerrestrial-2 (DVB –T2) လို့ ခေါ်တဲ့ ဒီ ဂျစ်တယ် စနစ်ပါ။ လက်ရှိ မြန်မာပြည်တွင်း ပြည်သူတွေရဲ့ နေအိမ်တွေမှာ အရင်ခေတ် အိမ်ကြီးကြီး အလုံးကြီးကြီးနဲ့ CRT တီဗွီတွေ၊ အခုနောက်ပိုင်း ၄-၅ နှစ်အတွင်း တင်သွင်းလာတဲ့ LCD နဲ့ LED တီဗွီ တွေဆိုပြီး အသုံးပြုနေကြပါတယ်။ အရင်ခေတ် တီဗွီ အကြီးတွေကတော့ အားလုံး အနာလော့ဂ် စနစ်ဖြစ်ပါတယ်။ နောက်သွင်းလာတဲ့ LCD နဲ့ LED တီဗွီတွေမှာတော့ အနာလော့ဂ် စနစ်ရော၊ Digital Tuner ပါတဲ့ ဒီဂျစ်တယ် တီဗွီတွေရော နှစ်မျိုးစလုံး ပါပါတယ်။ ဒီဂျစ်တယ် ဖမ်းစက်ပါတဲ့ LCD နဲ့ LED တီဗွီတွေ အများစု (အားလုံးနီးပါး) မှာ ဖမ်းနိုင်တာက DVB –T စနစ်ကိုပါ။ ဒီ ဒီဂျစ်တယ်ကျူနာပါတဲ့ LCD နဲ့ LED တီဗွီတွေဟာ လက်ရှိ မြ၀တီ ရုပ်သံက လွှင့်ထုတ်နေတဲ့ မြ၀တီနဲ့ ဆက်စပ် ရုပ်သံလိုင်း (၇) လိုင်း၊ ဖော်အဲဗား ဂရုပ် က ထုတ်လွှင့်နေတဲ့ MRTV-4 အပါအ၀င် ရုပ်သံလိုင်း (၄) လိုင်း ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် အခု ပြန်ကြားရေးက ထုတ်လွှင့်နေပြီဆိုတဲ့ လွှတ်တော်၊ တိုင်းရင်းသား၊ လယ်သမား ချယ်နယ်တွေအပါအ၀င် မြန်မာ့ရုပ်သံ၊ မြန်မာအင်တာနေရှင်နယ် လိုင်းတွေကိုတော့ ဖမ်းယူကြည့်ရှုလို့ မရပါဘူး။ အကြောင်းကတော့ ပြန်ကြားရေးက လက်ရှိ ထုတ်လွှင့်နေတာဟာ DVB –T စနစ်ထက် ပိုမြင့်တယ်လို့ ဆိုတဲ့ DVB –T2 စနစ်ဖြစ်နေလို့ပါပဲ။
တကယ်တော့ မြန်မာအပါအ၀င် အာစီယံနိုင်ငံတွေရဲ့ ဒီဂျစ်တယ် ထုတ်လွှင့်မှုစနစ် စံချိန်စံညွှန်းဟာ DVB –T စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သမျှ တီဗွီတွေဟာလည်း DVB –T စနစ်တွေချည်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်း နည်းပညာသစ် ပေါ်လာမှ DVB –T2 စနစ် ထည့်သွင်းလာပါတယ်။ ဒါပေမယ့် အလွန်နည်းနေပါသေးတယ်။ တကယ်တော့ မြန်မာပြည်ထဲမှာ DVB –T2 စနစ် တီဗွီ မရှိသလောက် နည်းတယ်ဆိုတာ ပြန်ကြားရေးက လူကြီးမင်းများ သိကြပါတယ်။ ဒီအတွက်လည်း နောက်ပိုင်း ပြည်တွင်းကို တင်သွင်းလာမယ့် တီဗွီတွေမှာ DVB –T2 စနစ်ပါတဲ့ တီဗွီတွေ ဖြစ်ဖို့ စီးပွား-ကူးသန်း တာဝန်ရှိသူတွေကို ညှိတယ်လို့ ပြောပါတယ်။ ဈေးကွက်စီးပွားရေး စနစ်မှာ ဘယ်လို ညှိကြမလဲတော့ မသိပါ။ အခု ရုပ်သံလိုင်း တိုးချဲ့တာတွေ၊ ဒီဂျစ်တယ် စနစ်ပြောင်းတာတွေနဲ့ ပါတ်သက်တဲ့ ကုန်ကျစားရိတ် ကိစ္စ ပြန်ကောက်ပါ့မယ်။
ရုပ်သံလိုင်းသစ် (၃) လိုင်းတိုးချဲ့ပြီး ပြည်သူတွေကို အခမဲ့ ထုတ်လွှင့်ပေးမယ်ဆိုတိုင်း ၀မ်းသာစရာတော့ မဟုတ်ပါ။ အားလုံးဟာ ပြည်သူ့အခွန်ဘဏ္ဍာငွေကို အသုံးပြု ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီ ရုပ်သံလိုင်း (၃) လိုင်းစလုံးကို ပြန်ကြားရေး ကပဲ ထုတ်လုပ်သလား၊ အခြား စကိုင်းနက်၊ ဖော်အဲဗား ရုပ်သံကုမ္ပဏီတွေနဲ့ ဖက်စပ် ထုတ်လုပ်သလား၊ ဖက်စပ်ထုတ်လုပ်ရင် ဘယ်လိုပုံစံနဲ့ ဖက်စပ် ထုတ်လုပ်ရသလဲ၊ ကုမ္ပဏီတွေဘက်က ဘာတွေ စိုက်ထုတ်ရပြီး အစိုးရဘက်က ဘာတွေပြန်ပေးရသလဲ ပြည်သူတွေ ဘာမှ မသိကြရပါဘူး။ အများပြည်သူ အမြင်မှာတော့ ပြန်ကြားရေး ဟာ ပြည်သူ့ဘဏ္ဍာငွေလည်း သုံးတယ်၊ ပြည်သူပိုင် အဆောက်အဦတွေ မြေနဲ့ အခြားအခွင့်အရေးတွေကိုလည်း အဲဒီ ရုပ်သံ ကုမ္ပဏီ ၂ ခုကို စိတ်ကြိုက် ခွဲဝေ၊ လုပ်ပိုင်ခွင့်ပေးနေတယ်၊ ပွင့်လင်းမြင်သာ မရှိဘူး ဆိုတာပါပဲ။ ဒါက တစ်ချက်ပါ။
ဒီလောက်နဲ့ မပြီးပါဘူး။ ဒီဂျစ်တယ် စနစ်ပြောင်းတဲ့အခါ မြို့တွေမှာ ထပ်ဆင့်လွှင့်ဖို့ စက်ရုံတွေ ဆောက်ရပါတယ်။ စက်ကရိယာတွေ ဖြည့်တင်းရပါတယ်။ အခု လောလောဆယ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လောက်မှာပဲ ထပ်ဆင့်လွှင့် စက်ရုံတွေ ဆောက်ပြီးပါသေးတယ်။ နောက်ထပ် မြို့ကြီးပေါင်းများစွာမှာ ဆောက်ရပါဦးမယ်။ ပြောရရင် ဒီလောက် ငွေကုန်ကြေးကျခံ လုပ်နေတာမှာ ကေဘယ်လိုင်း တပ်ဆင်ထားတဲ့ နေပြည်တော် ဧရိယာ ကျဉ်းကျဉ်းလေးကလွဲရင် ကျန် တစ်တိုင်းတစ်ပြည်လုံး ဖမ်းယူကြည့်ရှုလို့မရအောင် ဘာလို့ လုပ်ထားတာပါလဲ။ အနီးစပ်ဆုံး အဖြေရှာကြည့်ရင်တော့ ပြန်ကြားရေးဟာ အဲဒီ လိုင်းတွေကို ဖမ်းယူကြည့်ရှုလို့ရအောင် Receiver စက် ( DVB-T2 Set-Top Box) တွေကို ရောင်းချင်လို့ပဲ ဖြစ်နိုင်ပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ ဖော်အဲဗားနဲ့ မြ၀တီ ရုပ်သံက ဖြန့်ဖြူးတဲ့ Set-Top Box တွေ ရှိနေပြီး ဈေးနှုန်းက ကျပ်ငွေ ၃ သောင်းဝန်းကျင် ပေးရပါတယ်။ အဲဒီ Set-Top Box တွေနဲ့လည်း ပြန်ကြားရေးက လွှင့်တဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုလို့ မရနိုင်ပါဘူး။ ဒါတွေအားလုံးကို ပြန်ကြားရေးက လူကြီးမင်းများ ကြိုတင်သိရှိပြီး ကြိုတင်လည်း ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ လ က ပြန်ကြားရေးဝန်ကြီးဌာနဟာ အခု ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းသစ်တွေအတွက် ရည်ရွယ်ပြီး ( DVB-T2 Set-Top Box) (၁) သန်း ၀ယ်ယူချင်တယ်ဆိုပြီး တင်ဒါ ခေါ်ယူထားပါတယ်။ ဘယ်သူ့ကို တင်ဒါပေးလိုက်တယ်၊ ဘယ်ဈေးနှုန်းနဲ့ တည့်သွားတယ် ဘာမှ မသိရပါဘူး။ ဒါပေမယ့် လက်ရှိ မြ၀တီ Set-Top Box ဈေးနှုန်း တစ်လုံး ၃ သောင်းနဲ့ပဲ တွက်ချက်ရင်တောင် ကျပ်ငွေ သန်းပေါင်း ၃ သောင်း (ကျပ်ငွေ ဘီလျံ ၃၀) ပမာဏ ရှိတဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေတာ တွေ့ရမယ်ဖြစ်ပါတယ်။ အလွန်ကြီးမား များပြားတဲ့ ပမာဏ ပါ။
ဒီနေရာမှာ နောက်ထပ် ပြသနာ တစ်ခုက ပြည်သူတွေ အဲဒီ ရုပ်သံလိုင်းတွေကို ဖမ်းမကြည့်နိုင်တာ ထားလို့ မြို့နယ် အသီးသီးက ပြန်-ဆက် ရုံးတွေမှာရှိတဲ့ တီဗွီ တွေနဲ့လည်း ဒီ လိုင်းတွေကို ကြည့်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒီအတွက် အဲဒီ ရုံးတွေမှာ ပြန်ကြားရေးက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်အောင် အစိုးရက ( DVB-T2 Set-Top Box) တွေ ငွေကုန်ကြေးကျခံ ထောက်ပံ့ရပါဦးမယ်။ ပြသနာက မပြီးသေးပါဘူး။ ဈေးကွက်သဘောအရ လွှတ်တော်ချယ်နယ်၊ တိုင်းရင်းသားချယ်နယ်၊ လယ်သမားချယ်နယ် တွေကို ကြည့်ချင်လို့ပါ ဆိုပြီး ပြန်ကြားရေးက ဖြန့်ဖြူးရောင်းချမယ့် ( DVB-T2 Set-Top Box) တွေကို ပြည်သူတွေက ၀ယ်ကြပါ့မလား ဆိုတာပါပဲ။ ဒီချယ်နယ်တွေကို ငွေကုန်ခံပြီးမှ ကြည့်ရမယ် ဆိုရင် ပြည်သူတွေ စိတ်ဝင်စားမလား၊ စိတ်မ၀င်စားဘူးလား သံသယ ဖြစ်စရာ အလွန်ကောင်းပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေအတွက်၊ လယ်သမားတွေအတွက်၊ ပြည်သူတွေအတွက် ဆိုပြီး ပြည်သူ့ဘဏ္ဍာ ကျပ်ငွေ ဘီလျံနဲ့ချီ အကုန်အကျခံပြီး ပြန်ကြားရေးက ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဘယ်တီဗွီ၊ ဘယ် ဖမ်းစက်နဲ့မှ ဖမ်းလို့မရတဲ့ ဒီဂျစ် စနစ်ပြောင်း ရုပ်သံလိုင်းသစ် ထုတ်လွှင့်မှုဟာ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိမရှိ အစိုးရအဖွဲ့ကရော၊ လွှတ်တော်ကပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

လက်ရှိပြည်တွင်းရှိ DVB-T Network အကြောင်း

1. 5 Network , 4 Digital TV , Mrtv-4 International လိုင်းများမှာ

DVB-T MPEG-2 စနစ်ဖြစ်ပါတယ်

2. MWD Digital TV DVB-T MPEG-4
3.4HD , ပြန်ကြားရေးမှ ထပ်မံတိုးမြှင့်ထုတ်လွှင့်မည်လိုင်းများ

ကျေးဇူးတင်ပါတယ်ဗျ

No comments: